ပွဲတစ်ခုကို စီစဉ်ကျင်းပတဲ့အခါ ပွဲစီစဉ်သူတွေအနေနဲ့ ပွဲကိုလူသိများစေဖို့ event promotion အတွက် အသုံးပြုတဲ့ဘက်ဂျက်ကို မေ့နေတက်ကြပါတယ်။ ပွဲကို လူသိများလာအောင်လုပ်ခြင်းဟာ ပွဲကိုပိုမိုအောင်မြင်စေ၊ အကျိုးအမြတ်များစေတဲ့အပြင် ပွဲစီစဉ်ကျင်းပရတဲ့ ရည်ရွယ်ချက်ပိုမိုအောင်မြင် ပြီးမြောက်စေပါတယ်။ event promotion လုပ်ဖို့ရာ နည်းလမ်းရွေးချယ်စရာတွေ များစွာရှိပါတယ်။ ဘက်ဂျက်အနည်းငယ်နဲ့တောင်မှ သိသာထင်ရှားတဲ့ ရလဒ်တွေ ရဖို့လိုပါတယ်။ ဒီနေ့ခေတ်မှာတော့ လူမှုကွန်ယက်ဆိုင်ရာ နည်းပညာများ အသုံးပြုပြီး မိမိတို့စီစဉ်ကျင်းပတဲ့ ပွဲတွေ ပိုမိုအောင်မြင်အောင် လုပ်လာနိုင်ကြပါတယ်။
၁။ ပရိတ်သတ်ကို သိအောင်လုပ်ပါ။
မိမိစီစဉ်ကျင်းပတဲ့ပွဲရဲ့ ပရိတ်သတ်ကို သိအောင်လုပ်သင့်ပါတယ်။ မိမိပရိတ်သတ်ကိုသိပြီဆိုရင် အလုပ်တစ်ဝက်ပြီးမြောက်သလိုပါပဲ။ ပွဲရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ၊ ဘယ်သူတွေ တက်ရောက်စေလိုသလဲ၊ သူတို့ဘာတွေလိုအပ်မလဲ၊ လိုချင်မလဲ စသဖြင့် အချက်အလက်တွေရှိရင် မိမိကျင်းပတဲ့ပိုကို ပိုမိုအောင်မြင်အောင် လုပ်ဆောင်နိုင်ပါတယ်။ ပွဲဘယ်လိုကောင်းအောင် စီစဉ်၊ စီစဉ် မှန်ကန်တဲ့ ပရိတ်သတ်များ မရောက်ရှိလာနိုင်ရင် အောင်မြင်တယ်လို့ မဆိုနိုင်ပါဘူး။
၂။ ပွဲတစ်ခုလုံးကို ခြုံငုံဖော်ပြနိုင်မယ့် ဆောင်ပုဒ်တစ်ခု။
ပရိတ်သတ်တွေ သေချာအာရုံစိုက်စရာမလိုဘဲ နားလည်လွယ်၊ မှတ်မိလွယ်မယ့် ဆောင်ပုဒ်တစ်ခုရှိသင့်ပါတယ်။ ပွဲနဲ့ပါတ်သက်တဲ့ marketing, promotion လက်ကမ်းစာစောင်၊ သတင်းစာကြော်ငြာ၊ အွန်လိုင်း Social Media Marketing နေရာတိုင်းမှာ တူညီတဲ့ ဆောင်ပုဒ်ကိုသာ အသုံးပြုသင့်ပါတယ်။
၃။ လက်မှတ်ဝယ်ယူရ လွယ်ကူပါစေ။
လက်မှတ်ဝယ်ယူပြီး တက်ရောက်ရတဲ့ ပွဲတွေအတွက်ကတော့ လက်မှတ်ဝယ်ယူရ လွယ်ကူခြင်းဟာ ပိုမိုအောင်မြင်စေပါတယ်။ ပွဲအတွက် သီးသန့်ပြုလုပ်ထားတဲ့ website ကနေတဆင့် လက်မှတ် ရောင်းချပေးခြင်း၊ လက်မှတ်ရောင်းကိုယ်စားလှယ်များက တဆင့်ရောင်းချပေးခြင်း စသဖြင့် နည်းလမ်းပေါင်းစုံနဲ့ လွယ်ကူအောင်လုပ်ပေးထားသင့်ပါတယ်။
၄။ လူအများကို စွဲဆောင်နိုင်တဲ့ ရုပ်ပုံများ အသုံးပြုခြင်း။
ပွဲကြော်ငြာတဲ့အခါ လူအများစိတ်ဝင်စားမယ့် ရုပ်ပုံများအသုံးပြုခြင်းဟာ အလွန်အရေးကြီးပါတယ်။ နှုတ်တစ်ရာ စာတစ်လုံး၊ စာတစ်ရာ ပုံတစ်ပုံ ဆိုသလိုပါပဲ စိတ်ဝင်စားမှု မြင့်တက်စေမယ့် ရုပ်ပုံများကို အသုံးပြုသင့်ပါတယ်။ ရုပ်ပုံများကိုလည်း ကျွမ်းကျင်တဲ့ graphics designers များကို ရေးဆွဲစေသင့်ပါတယ်။ ပွဲနမူနာ ဗီဒီယိုများ အသုံးပြုပြီးတော့လည်း ပရိတ်သတ်များကို စွဲဆောင်နိုင်ပါတယ်။