ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ
ကလေးလူငယ် ဖွံ့ဖြိုးရေးနှင့် ကလေးစာပေပွဲတော်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
အေးကြွယ်
ခေတ်တစ်ခေတ်၏ လားရာကို မှန်းဆကြည့်လိုလျှင် ထိုခေတ်ကို ဖြတ်သန်းနေကြသည့် လူငယ်များ၏ တိမ်းညွတ်မှုကို ကြည့်ပါဟု ဆိုကြသည်။ ယနေ့ခေတ် လူငယ်များ၏ တိမ်းညွတ်မှုကို တိတိကျကျ ညွှန်းဆိုရန် ခက်ခဲသော်လည်း အများစု၏တူညီရာဆုံပွိုင့်မှာ “အသိပညာ” ဘက်သို့ တိမ်းညွတ်နေကြသည်ဟု ဆိုရမည်။ မည်သည့် ခေတ်၊ မည်သည့်ကာလနှင့်မျှ မတူအောင် ပညာရေးကို တိမ်းညွတ်လာကြသည်။ ပညာကိုအရင်းပြု၍ အနာဂတ် ကို ဖန်တီးကြရမည်ဆိုသည့် အသိတရားကို ယတိပြတ် ဆုပ်ကိုင်လာကြသကဲ့သို့ ပညာလူ့အဖွဲ့အစည်း (Knowledge Society)အဖြစ် အပြိုင်အဆိုင် ကြိုးပမ်း တည်ဆောက်နေကြသည်ကိုလည်း အားရဖွယ် တွေ့မြင် နေရသည်။
ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ
နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ် ဖွံ့ဖြိုးတိုး တက်အောင်တည်ဆောက်တော့မည်ဆိုလျှင် တစ်ခဏ ဖွံ့ဖြိုးတိုးတက်ရေးထက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စဉ်းစားရစမြဲဖြစ်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development)ဟု ဆိုလိုက်သည်နှင့် ကမ္ဘာ့ဖွံ့ဖြိုးမှုနှင့် ပတ်ဝန်းကျင်ရေးရာကော်မရှင်၏ အဓိပ္ပာယ် ဖွင့်ဆိုချက်တစ်ခုကို အမှတ်ရမိ၏။ အမှန်အတိုင်း ပြောရလျှင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် စကားလုံးကို နယ်ပယ်တိုင်းလိုလိုတွင် ဖောဖောသီသီ သုံးစွဲနေကြ သော်လည်း အချို့က အနှစ်သာရရှိရှိ သုံးစွဲခဲ့ကြသည်။ အချို့ကမူ အပေါ်ယံသဘောလောက်သာ ကိုးကားသုံးစွဲ နေကြသည်ကို တွေ့နေရသည်။
ကမ္ဘာ့ဖွံ့ဖြိုးမှုနှင့် ပတ်ဝန်းကျင်ရေးရာ ကော်မရှင်က ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ အနာဂတ်မျိုးဆက် သစ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန်နှင့် ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းများကို မထိခိုက်စေဘဲ လက်ရှိမျိုးဆက်များ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်သည့် ဖွံ့ဖြိုးမှုမျိုးပင်ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုပေးခဲ့သည်။ ယင်းအဓိပ္ပာယ်ဖွင့်ဆိုချက် အရဆိုလျှင် ကျွန်တော်တို့ အနာဂတ်မျိုးဆက်သစ်များ၏ လိုအပ်ချက်များကို မဖြစ်မနေ ဖြည့်တင်းဆောင်ရွက်ပေးရမည်။ တစ်နည်းအားဖြင့် ကျွန်တော်တို့ လူ့အဖွဲ့ အစည်းကို အနာဂတ်လူ့ဘောင်လောက၏ စိန်ခေါ်မှုများ အမှန်တကယ်ရင်ဆိုင်နိုင်စေမည့် ဉာဏအခြေခံသော လူ့အဖွဲ့အစည်း (Brain Based Society)တစ်ရပ် ပုံဖော်ဖန်တီးပေးခဲ့ရမည်သာ ဖြစ်သည်။
အနာဂတ်မျိုးဆက်များအတွက် ပညာသင်ကြားနိုင်သည့် အခွင့်အလမ်းများကို ပိုမိုချဲ့ထွင်ပေးရမည်။ ကျောင်းများတွင် ပညာသင်ကြားရုံသာမက ကျောင်းပြင်ပ ပညာရေးအဖြစ် လေ့လာဆည်းပူးနိုင်သည့် စာကြည့်တိုက်များ၊ စာဖတ်ခန်းများ၊ စာဖတ်သည့် အလေ့အထများကို စနစ်တကျ ဖန်တီးခဲ့ဖို့သာဖြစ်သည်။ သို့မှသာ ဉာဏ်ရည်ဉာဏ်သွေးပြည့်ဝပြီး အရည်အသွေးပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်ပေါ်လာကာ ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့အစည်းတစ်ရပ်သို့ ဦးတည်နိုင်ပေလိမ့်မည်။
ပညာတတ်အသိုင်းအဝိုင်းများ
လွန်ခဲ့သော ၁ဝ နှစ်ခန့်က ဂျာမနီနိုင်ငံမှ သုတေသန ပညာရှင် Lisa Krolak က ပညာတတ် အသိုင်းအဝိုင်း ဖန်တီးရာတွင် စာကြည့်တိုက်များ၏ အခန်းကဏ္ဍ (The Role of Libraries in the Creation of Literate Environments)ဆိုသည့် စာတမ်းတစ်စောင်ကို ယူနက်စကို အဖွဲ့ကြီးထံ ရေးသားတင်သွင်းခဲ့သည်။ အထူးသဖြင့် အိမ်ပတ်ဝန်းကျင်နှင့် ကျောင်းပတ်ဝန်းကျင်များတွင် စာအုပ်စာစောင်များ အလွယ်တကူ လေ့လာနိုင်သော ကျောင်းသား ကျောင်းသူများ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် စာအုပ်စာစောင်များ အလွယ်တကူ မဖတ်ရှု မလေ့လာ နိုင်သည့် ကျောင်းသား ကျောင်းသူများ၏ ဉာဏ်ရည်ဉာဏ်သွေးကို လေ့လာနှိုင်းယှဉ်တင်ပြထားသည်။
ယင်းစာတမ်းပါဖော်ပြချက်အရ ကလေးများစာတတ် မြောက်ရန်အတွက် နေအိမ်ပတ်ဝန်းကျင်သည် အရေးအကြီး ဆုံးအချက်ဖြစ်ပြီး မိဘများကိုယ်တိုင်ကပင် စာဖတ်သည့် အလေ့အကျင့်ရှိရန်လိုကြောင်း ဖော်ပြထားသည်။ တစ်နည်းအားဖြင့် အိမ်ပတ်ဝန်းကျင်တွင် ကလေးများ ပညာသင်ကြားနိုင်သည့် အခွင့်အလမ်းကောင်းများ ရှိရန်လိုအပ်သည်။ Progress in International Reading Literacy Study (PIRLS) လေ့လာမှုအရ ဆွီဒင်နိုင်ငံ၌ မိသားစုတစ်စုတွင် ရှိသည့် စာအုပ်စာစောင်များနှင့် စာဖတ်နိုင်ရန် ပံ့ပိုးပေးသည့် အရာဝတ္ထုများ၏ အရေအတွက်သည် ကျောင်းသား ကျောင်းသူများ၏ စာဖတ်နိုင်မှုစွမ်းရည် ရမှတ်များအပေါ် လွှမ်းမိုးဆုံးဖြတ်ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။
အလားတူ German Foundation Stiftuny Lesen က ပြုလုပ်ခဲ့သည့် ”ရာစုသစ် ဂျာမနီနိုင်ငံရှိ စာဖတ်သည့် အလေ့အထ” လေ့လာချက်တွင် မိဘများ၏ အကောင်းမြင် သဘောထားနှင့် စာဖတ်နိုင်ရန် ပံ့ပိုးပေးသည့် အရာဝတ္ထုများက ကလေးများအား ဘဝတစ်လျှောက်လုံး စာပေဖတ်ရှုလေ့လာရန်အတွက် အကောင်းဆုံး လှုံ့ဆော်ပေးသည့် အချက်များဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။
ကလေးငယ်များတွင် အသက်အပိုင်းအခြားအလိုက် ကွဲပြားသည့်လိုအပ်ချက်များ ရှိသော်လည်း အစကနဦးတွင် ပျော်ရွှင်ဖွယ်စာအုပ်များ ဖတ်ရှုပေးရန် လိုအပ်သည်။ ကလေးများ ငယ်ရွယ်ချိန်တွင် မိဘများက စာဖတ်ပြခြင်း၊ ကလေးငယ်များနှင့်အတူ သီချင်းဆိုခြင်းနှင့် ကလေးများ၏ နေ့စဉ်ဘဝ တစ်စိတ်တစ်ပိုင်းတွင် ၎င်းတို့နှင့်အတူတကွ ကစားပေးခြင်းတို့ကို ဆောင်ရွက်ပေးရမည်။ စာဖတ်သည့် အိမ်တွင် ကြီးပြင်းလာသည့် ကလေးများသည် စာမဖတ်သည့် အိမ်တွင်ကြီးလာသည့် ကလေးများထက် သက်တူရွယ်တူဖြစ်ကြသော်လည်း ဉာဏ်ရည်ဉာဏ်သွေး အလွန်ကွာခြားမှုရှိသည်။ ထို့ကြောင့် မိသားစုစာတတ်မြောက်ရေး အစီအစဉ်များကို ချမှတ်၍ ကလေးများ ဉာဏ်ရည်ဉာဏ် သွေးကောင်းမွန်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ဖော်ပြထားသည်။
နောက်ထပ် အတုယူသင့်သည့် ဆောင်ရွက်မှုတစ်ခုမှာ ဗြိတိန်အစိုးရ၏ ဆောင်ရွက်မှု တစ်ခုပင်ဖြစ်သည်။ဗြိတိန်နိုင်ငံ၌ ကလေးငယ်များအား စာအုပ်စာစောင်များ ဝေငှပေးခြင်းကို အရေးကြီးသည့် အခန်းကဏ္ဍအဖြစ် သိရှိထားသည်။ ယင်းလုပ်ဆောင်မှုကို “Bookstart” စီမံကိန်း ဟုခေါ်ကာ အသက်(၉)လအရွယ် ကလေးများ ကျန်းမာရေး ဌာနများသို့ လာရောက်သည့်အချိန်မှစတင်ကာ စာအုပ်စာစောင်များကို စတင်ပေးဝေခဲ့ပြီး အသက်(၃)နှစ်အရွယ် ကလေးများအထိ စာအုပ်များ အခမဲ့ပေးဝေစေခဲ့သည်။ ယင်းအရွယ်သည် စာအုပ်စာစောင်များကို ကိုယ်တိုင် မဖတ်ရှုနိုင်သေးသော် လည်း မိဘများက ဖတ်ပြနိုင်ရန် Bookstart စီမံကိန်းအဖြစ် စတင်ဆောင်ရွက်ကြသည်ဟု ဖော်ပြထားသည်။
အခြားမှတ်သားစရာတစ်ခုမှာ ကျောင်းသား ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ပြည့်ဝစေမည့် အကောင်းဆုံး ဆောင်ရွက်ပေးရမည့်နေရာသည် ကျောင်းပတ်ဝန်းကျင်ပင် ဖြစ်သည်ဟု ဖော်ပြထားသည်။ ကျောင်းများ၌ ကျောင်း သား ကျောင်းသူများကို အပျော်တမ်းစာပေ ဖတ်ရှုရန်မှ စတင်ကာ အားပေးလှုံ့ဆော်သင့်သည်။ သို့ရာတွင် ယနေ့ ဖွံ့ဖြိုးဆဲနိုင်ငံအများစုရှိ ကျောင်းများ၌ ပြဋ္ဌာန်းစာအုပ်ကို အခြေခံသောသင်ယူခြင်း (Textbook-based Learning) နှင့် ပြဋ္ဌာန်းစာအုပ်ကိုသာ အခြေခံသောသင်ကြားခြင်း (Textbook-based Teaching)များကို ရင်ဆိုင်ကြုံတွေ့ နေပေရာ စာပေဖတ်ရှုလေ့လာရေးအတွက် ကြီးမားသော စိန်ခေါ်မှုပင်ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရလျှင် ကျောင်းစာကြည့်တိုက်များ၏ အခန်းကဏ္ဍ ပျောက်ဆုံးနေပြီး ကျောင်းသား ကျောင်းသူ များအတွက် ပြဋ္ဌာန်းစာအုပ်များမှအပ အခြားလေ့လာဆည်းပူး နိုင်သည့် အခွင့်အလမ်း နည်းပါးလျက်ရှိသည်။ လေ့လာ ချက်များအရ စာသင်ခန်းအတွင်း စာကြည့်တိုက်များထား ရှိ၍ ပညာသင်ယူခွင့်ရသည့် ကျောင်းသား ကျောင်းသူများသည် စာသင်ခန်းအတွင်း စာကြည့်တိုက်မရှိသော ကျောင်းသား ကျောင်းသူများထက် တတ်မြောက်မှု ၁၈၉ ရာခိုင်နှုန်း ခန့် သာလွန်ခဲ့ပြီး စာဖတ်သည့် အမှတ်များတွင် ၁၈ လခန့် ရှေ့သို့ရောက်ရှိကာ စာရေးသည့် အမှတ်များမှာ နှစ်နှစ်ခန့် ရှေ့ကြိုရောက်နေသည်ဟု ဖော်ပြထားသည်။
ထို့ပြင် “Book floods” စီမံကိန်းကို စတင်စမ်းသပ် ဆောင်ရွက်ခဲ့သည့် ဖီဂျီနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံများရှိ ကျောင်းသား ကျောင်းသူများ၏ ဉာဏ်ရည် ဉာဏ်သွေးကိုလည်း ဖော်ပြထားသည်။ ယင်းနိုင်ငံများအတွက် ကျောင်းသား ကျောင်းသူများအား စာဖတ်ရန်၊ ဆွေးနွေးရန်၊ မျှဝေရန်အတွက် အလွယ်တကူ စိတ်ဝင်စားဖွယ် စာအုပ်စာစောင်များဖြင့် နစ်မြုပ်နေအောင် စီမံကိန်းတစ်ခု ဖန်တီးခဲ့သည်။ သီရိလင်္ကာနိုင်ငံတွင် စမ်းသပ်ခဲ့သည့် ရှေ့ပြေးစီမံကိန်းအရ (၄) နှစ်နှင့် (၅) နှစ်အရွယ် ကလေး များအတွက် ကျောင်းတစ်ကျောင်းလျှင် စာအုပ် ၁ဝဝ နှင့် ၂ဝဝ ကြား ထားရှိပေး၍ စမ်းသပ်ခဲ့သည်။
ယင်းစီမံကိန်းပါကျောင်းများရှိ ကလေးများစာဖတ်ခြင်း၊ စာရေးခြင်းနှင့်နားထောင်နိုင်ခြင်း စွမ်းရည်များသည် အခြားကျောင်းများရှိ ကလေးများထက် သုံးဆသာလွန် ကောင်းမွန်ခဲ့ကြောင်း တွေ့ရသည်။ ထို့ကြောင့် ကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် စာပေတတ်မြောက်မှု လုပ်ငန်းများကိုဆောင်ရွက်ရန် ကျောင်းပတ်ဝန်းကျင်နေရာများသည် အလွန်အရေးပါသည်ဟု လေ့လာသိရှိရသည်။
ယနေ့ကလေးစာကြည့်တိုက်များ အခြေအနေ
မြန်မာနိုင်ငံရှိ ကျောင်းသား ကျောင်းသူအများစုသည် အခြားဖွံ့ဖြိုးဆဲနိုင်ငံများကဲ့သို့ ပြဋ္ဌာန်းစာအုပ်ကိုသာ အခြေခံသော သင်ယူမှုပုံစံများဖြင့် ပညာသင်ယူနေကြရသည်။ ကျောင်းစာကြည့်တိုက်များ ထင်သလောက် မဖွံ့ဖြိုး၊ မတိုးတက်သေးဘဲ အခက်အခဲတချို့ ရင်ဆိုင်နေရဆဲဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် ကျောင်းစာကြည့်တိုက်များကို လွန်ခဲ့သည့် ၁ဝ နှစ်ခန့်မှစ၍ ကိုယ်တိုင်လေ့လာ ခဲ့ဖူးသကဲ့သို့ လိုအပ်သည့် စာအုပ်စာစောင်များကိုလည်း ကိုယ်တိုင်ပေးလှူ ဆောင်ရွက်ခဲ့ဖူးသည်။ လေ့လာချက်များအရ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရေးအတွက် အဓိကတာဝန်ရှိသူများမှာ ကျောင်းရှိ ဆရာ ဆရာမများ ၏ စိတ်အားထက်သန်မှုပင်ဖြစ်သည်။ ဆရာ ဆရာမများ ၏ စိတ်အားထက်သန်မှုများကြောင့် ဖွံ့ဖြိုးတိုးတက်နေသည့် ကျောင်းစာကြည့်တိုက်များကိုလည်း တွေ့ဖူးသည်။ ကျောင်းသားမိဘများကို စည်းရုံးဆွဲဆောင်ကာ အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ စိတ်မကောင်းစရာ ကိစ္စတစ်ခုမှာ အချို့ကျောင်းသားမိဘများက ကျောင်းစာအပြင် အခြားစာအုပ်၊ စာစောင်များ ဖတ်ရှုမှုကို အားမပေးခြင်းပင် ဖြစ်သည်။ ဤအတွေးအခေါ် ဤအပြုအမူများသည် အနာဂတ် ကျွန်တော်တို့မျိုးဆက်များအတွက် အနုတ်လက္ခဏာဆောင်သော အပြုအမူ၊ အတွေးအခေါ် များဖြစ်၍ ယင်းအပြုအမူ၊ ယင်းအတွေးအခေါ်များကို ပြောင်းလဲဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းရမည်။
ကလေးစာပေပွဲတော်
ကျွန်တော်တို့နိုင်ငံရှိ ကလေးလူငယ်များ ဖွံ့ဖြိုးတိုးတက် ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်းများမှာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် ကလေး စာကြည့်တိုက်များ၊ ကလေးစာဖတ်ခန်းများ ဖွံ့ဖြိုးရေးပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယနေ့အချိန်၌ ကလေးစာပေ ဖွံ့ဖြိုးရေး၊ ကလေးစာကြည့်တိုက်နှင့် စာဖတ်ခန်းများ ဖွံ့ဖြိုးရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနအပါအဝင် အခြား NGOs များ၊ အဖွဲ့အစည်းများက ပူးပေါင်းပါဝင် ဆောင်ရွက်နေကြသည်ကို တွေ့မြင်နေရသည်။
၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ကလေးများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကလေးစာပေပွဲတော်ကို MICC-2 တွင် ပြုလုပ်ကြမည်ဟု သိရသည်။ ယင်း ပွဲတော်တွင် ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲကိုပါ ထည့်သွင်းကျင်းပမည်ဟု သိရသည်။ ထို့ပြင် ကလေးစာပေပွဲတော်တွင် ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင် ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက် ပြိုင်ပွဲစသည့် ပြိုင်ပွဲများ၊ ကလေး ကာတွန်းပြပွဲ၊ အမှတ်တရ ပုံတူရေးဆွဲခြင်း၊ မျက်လှည့်ပြပွဲ၊ ရော်ဘာရွှံ့ရုပ် ပြုလုပ်ခြင်း၊ မျက်နှာဆေးခြယ်ခြင်းစသည့် ဖျော်ဖြေရေး အစီအစဉ်များ၊ အရုပ်ဆက်ကစားခြင်း၊ စကားပုံဆက်ကစားခြင်းစသည့် ဂိမ်းကစားပွဲများ၊ ဆွေးနွေးပွဲများပါဝင်မည်ဟု သိရသည်။ ဤပွဲတော်ကြီးသည် ကလေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် အစပြုသည့် ပွဲတော်တစ်ခုဟု ဆိုရမည်။
မည်သို့ပင်ဖြစ်စေ နေပြည်တော်တွင် ပြုလုပ်မည့် ကလေးစာပေပွဲတော်သည် အနာဂတ်နိုင်ငံတော်၏ ရင်နှစ်သည်းချာ သားသမီးရတနာများကို အရည်အသွေး ပြည့်ဝစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးပြည့်ဝစေရန်နှင့် စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်သည့် အလေ့အထ ရှင်သန်ပေါက်ဖွားလာစေရန် ရည်ရွယ်ဆောင်ရွက်သည့် ခြေလှမ်းတစ်လှမ်းပင်ဖြစ်သည်။ ယင်းခြေလှမ်းမျိုး နောက်ထပ် ဆက်ကာဆက်ကာ လှမ်းနိုင်အောင် အားပေးဆောင်ရွက်ဖို့လိုသည်။ ဤခြေလှမ်းများ လှမ်း၍ ချီတက်နေခြင်းသည်ကပင် နိုင်ငံ၏အနာဂတ်ကို ပိုမိုလှပ ပြည့်စုံအောင် တစ်ဖက်တစ်လမ်းမှ ထုဆစ်ပုံဖော်နေ ခြင်းဖြစ်သည် ဟု နားလည်လက်ခံထားမိပါသည်။ ။
စာညွှန်း
“The Role of Libraries in Creation of Literate Environments (2005)”